မိုးညှင်းမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

မိုးညှင်း ဇွန် ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး ကျင်းပသည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်ဟန်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် “ကွန်ပျူတာ ဘာသာရပ်ဟာဆိုရင် မေဂျာတိုင်းမပါမဖြစ်တဲ့ ဘာသာရပ် တစ်ခုဖြစ်တဲ့ အတွက် အခုသင်တန်းဟာ သင်တန်းသား၊ သင်တန်းသူတို့အနေနဲ့ များစွာအထောက်အကူပြုစေမှာ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူတို့အနေနဲ့လည်း ပြင်ပမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခုအဖြစ် ပြန်လည်အသုံးချမယ်ဆိုရင် များစွာအကျိုးရှိစေမှာ ဖြစ်ကြောင်းနှင့် အခြေခံအဆင့် သင်တန်းဆိုသော်လည်း Word၊ Exal၊ Power Point နဲ့ Adobe PageMaker စသည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးခဲ့ပါကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းတွင် အခြေခံကွန်ပျူတာ ထူးချွန်ဆုရရှိသည့် သင်းတန်းသားတစ်ဦးနှင့်၊ အခြေခံ ကွန်ပျူတာ အကျွမ်းကျင်ဆုံးဆုရရှိသူ သင်းတန်းသူ တစ်ဦးအား ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်းတန်းသား၊ သင်တန်းသူများအား  သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ အားလုံး ကိုယ်စား သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မေ(၁၇)ရက်နေ့မှ ဇွန်(၁၆)ရက်နေ့ထိ သင်တန်းကာလ (၃၁)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)