မိတ္ထီလာခရိုင်အတွင်းမြို့နယ် ၄ မြို့နယ်၌ အထောက်အကူပြုပစ္စည်း ဆန်းစစ်ခြင်းဆိုင်ရာ စစ်တမ်းကောက်ယူ

မိတ္ထီလာ ဇွန် ၁၆

မိတ္ထီလာခရိုင်အတွင်းရှိမိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့်သာစည်မြို့နယ် ၄ မြို့နယ်၌ အထောက်အကူ ပစ္စည်း ဆန်းစစ်ခြင်းဆိုင်ရာစစ်တမ်းများကောက်ယူခြင်းကို ယမန်နေ့က ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့်သက်ဆိုင်ရာ မြို့နယ်ကြက်ခြေသူနာပြုတပ်ဖွဲ့တာဝန်ရှိသူများက ကောက်ယူ လျက်ရှိကြောင်းသိရသည်။

 မိတ္ထီလာမြို့နယ်အတွင်းမှာ ထမုန်ကန်ကျေးရွာ နဲ့ ရန်မျိုးအောင်ရပ်ကွက်၊ မလှိုင်မြို့နယ် အတွင်းမှာ အုပ်ကြီးကျေးရွာ၊ ဝမ်းတွင်းမြို့နယ်အတွင်းမှာ ထီးလှိုင်(အနောက်)ကျေးရွာ နဲ့ သာစည်မြို့နယ် အတွင်းမှာ မြင်းဒိုက်ကျေးရာ ကောက်ကွက်တွေမှာ စစ်တမ်းကောက်ယူတာဖြစ်ပါတယ်။ စစ်တမ်း ကောက်ယူတဲ့ ရပ်ကွက်နဲ့ကျေးရွာတွေကအိမ်ထောင်စု ၁ဝ စုမှာရှိတဲ့ အိမ်ထောင်စုဝင်တွေကို သတ်မှတ် စစ်တမ်းပုံစံတွေနဲ့ ကောက်ယူတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အထောက်အကူပြုပစ္စည်း ကိရိယာများ နည်းပညာ အသင်းချုပ်ရဲ့ အစီအစဉ်နဲ့ အခုလိုစစ်တမ်းတွေကောက်ယူတာကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကူညီ ဆောင်ရွက်ပေးတာဖြစ်ပါတယ် ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။

 အလားတူ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် နတ်ရေကန်ကျေးရွာတွင် အဆိုပါ စစ်တမ်းကောက်ယူခြင်းကို မိတ္ထီလာခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထောက်အကူပြုပစ္စည်းဆိုင်ရာ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းတွင် လူနေမှု အခြေအနေစာရင်း၊ လိုအပ်မှု၊ တောင်းဆိုမှုနှင့်ထောက်ပံ့မှု၊ အသုံးပြုသူ၏ကျေနပ်မှု၊  အကြံပြုချက် များ၏ အခြေခံသတင်းအချက်အလက်များကို စစ်တမ်းကောက်ယူခြင်း မိုဘိုင်းအပလီကေးရှင်းများ၌ ဖြည့်သွင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ