မိတ္ထီလာခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်၌ အထောက်အကူပြု ပစ္စည်း စမ်းစစ်ခြင်းဆိုင်ရာ စစ်တမ်းကောက်ယူ

မိတ္ထီလာ ဇွန် ၁၆

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ် ၄ မြို့နယ်၌ အထောက်အကူပစ္စည်း စမ်းစစ်ခြင်းဆိုင်ရာ စစ်တမ်းများ ကောက်ယူခြင်းကို ယမန်နေ့က ခရိုင်ကြက်ခြေနီ သူတပ်ပြုတပ်ဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်ကြက်ခြေသူနာပြု တပ်ဖွဲ့တာဝန်ရှိသူများက ကောက်ယူ လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းမှာ ထမုန်ကန်ကျေးရွာနဲ့ ရန်မျိုးအောင်ရပ်ကွက်၊ မလှိုင်မြို့နယ်အတွင်းမှာ အုပ်ကြီးကျေးရွာ၊ ဝမ်းတွင်းမြို့နယ်အတွင်းမှာ ထီးလှိုင်(အနောက်) ကျေးရွာနဲ့ သာစည်မြို့နယ်အတွင်းမှာ မြင်းဒိုက်ကျေးရာ ကောက်ကွက်တွေမှာ စစ်တမ်းကောက်ယူတာ ဖြစ်ပါတယ်။ စစ်တမ်း ကောက်ယူတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက အိမ်ထောင်စု ၁ဝ စုမှာရှိတဲ့ အိမ်ထောင်စုဝင်တွေကို သတ်မှတ်စစ်တမ်းပုံစံတွေနဲ့ ကောက်ယူတာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အထောက်အကူပြု ပစ္စည်းကိရိယာများ နည်းပညာ အသင်းချုပ်ရဲ့ အစီအစဉ်နဲ့ အခုလို စစ်တမ်းတွေ ကောက်ယူတာကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကူညီဆောင်ရွက် ပေးတာဖြစ်ပါတယ်ဟု ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။

အလားတူ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် နတ်ရေကန် ကျေးရွာတွင် အဆိုပါ စစ်တမ်းကောက်ယူခြင်းကို မိတ္ထီလာခရိုင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထောက်အကူပြုပစ္စည်းဆိုင်ရာ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းတွင် လူနေမှုအခြေအနေစာရင်း၊ လိုအပ်မှု၊ တောင်းဆိုမှုနှင့် ထောက်ပံ့မှု၊ အသုံးပြုသူ၏ကျေနပ်မှု၊ အကြံပြုချက်များ၏ အခြေခံ သတင်း အချက်အလက်များကို စစ်တမ်းကောက်ယူခြင်း မိုဘိုင်းအပလီကေးရှင်းများ၌ ဖြည့်သွင်း ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချမ်းသာ