ကျောက်တန်းမြို့၌ အသံမစဲ အဘိဓ္ဓာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား (ပထမ)အကြိမ်ကျင်းပ

ကျောက်တန်း ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့တွင် ပထမအကြိမ် အသံမစဲအဘိဓ္ဓာ(၇)ကျမ်း ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျောက်တန်းမြို့ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကျောက်တန်းမြို့ အေးစေတီပရိယတ္တိစာသင်တိုက် စာချဆရာတော် ဦးဝတ္တိသာရက ရောင်ခြည်တော်ဖွင့်ဂါတော်ဖြင့် ဘုရားပင့်ဆောင် တော်မူသည်။ ဆက်လက်ပြီးဧည့်ပရိသတ်များက ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာအရှေ့ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုန္ဒရ ( အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) နိုင်ငံတော်ဩဝါဒါစရိယထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ကျောက်တန်းမြို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဉက္ကဌ စိတ္တသုခကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာထံမှ အဘိဓမ္မာအကြောင်း သိကောင်းစရာဩဝါဒကထာကို နာကြားခဲ့ကြ ကြောင်း သိရသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များက အဘိဓမ္မာဒေသနာတော်မြတ်အား အလှည့်ကျ ရွတ်ဖတ်ပူဇော်ပြီး အဘိဓမ္မာဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ခြင်းကို ဇွန်လ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းခန့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကဉက္ကဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေဝင်း