မြစ်သား ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူထုပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက နှမ်းခင်းကျေးရွာအုပ်စု၊ ရန်ငြိမ်းချမ်းသာကျေးရွာနှင့် ထိန်ကုန်း ကျေးရွာအုပ်စု၊ ပွဲလုံးကျော်ကျေးရွာများ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်က ကျေးရွာပြည်သူများအား အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အဓိကလုပ်ငန်းကြီး(၄)ရပ်ဖြစ်သည့် စိုက်ခင်းများ ထူထောင်ခြင်း၊ သဘာဝတောခြံများ ထိန်းသိမ်းခြင်း၊ ထင်းအစား အခြားလောင်စာသုံးစွဲခြင်း၊ ရေရရှိရေး ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်စိုး က ထင်းအစား အခြားလောင်စာသုံး စိုက်စွန့်ပစ္စည်းများ ဖြစ်သော ပဲရိုး၊ နှမ်းရိုး၊ ပဲစင်းငုံရိုး၊ ပြောင်းဖူးရိုးများ သုံးစွဲနိုင်မှုအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးကြရန်စသည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဟောပြောပွဲသို့ တက်ရောက် လာကြသည့် ထိန်ကုန်းကျေးရွာနှင့် ပွဲလုံးကျော် ကျေးရွာများမှ အိမ်ထောင်စုဝင်များအတွက် (A1)စွမ်းအားမြင့် မီးဖို(၆၄)လုံး၊ လျော်ဖြူပင်များ၊ လက်ကမ်းစာစောင်များနှင့် ကော်ဖီမစ်ထုပ်များကို တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)