တံတားဦးမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ နည်းပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပ

တံတားဦး   ဇွန်   ၁၆

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community   Centre  ခန်းမတွင်    မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများနည်း ပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပ ကြောင်းသိရသည် ။

ဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက် လက်ထောက်-၃ ဒေါ်သန္တာထွန်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများကိုပါ တပါတည်းလုပ်ဆောင်ကြကြောင်း ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်းနှင့် ဆွေးနွေးပွဲ ( Talk Show ) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြနှင်းစုခိုင်က မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ နည်းပညာပေး ဆွေးနွေးရာတွင်မျိုးသန့်ခြံများမှ မျိုးသန့်မျိုးပွားမျိုးစေ့ရယူ ရပါကြောင်း၊ ပျိုးထောင်ရာတွင် ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ရပါကြောင်း၊ စပါးများစိုက်ပျိုးရာတွင် ၆တန်းလျှင် ၁တန်းလှပ်စနစ်ဖြင့်စိုက်ပျိုးပြီး တန်းကြားပင်ကြား ၈”×၆”ဖြင့် စိုက်ပျိုးရပါကြောင်း၊ ဒါ့အပြင် မရိတ်သိမ်းမီအချိန်ကာလတွင် မိမိတို့စိုက်ပျိုးသည့်မျိုးထက် အပင်အရပ်၊ အပင် သဏ္ဍာန် ၊ အရွက်အရွယ်အစား ကွဲပြားသော အပင်များကို နှုတ်ပယ်ရမည်ဖြစ်ကြောင်း၊  စိုက်ခင်းမှထွက်ရှိသော မျိုးစေ့များကို နမူနာယူ၍ မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း  ၊ မျိုးစေ့ အရည်အသွေးပြည့်မီကြောင်း ထောက်ခံချက်ရရှိသော မျိုးစေ့များကို မျိုးအဖြစ်ပြန်လည် အသုံးပြုရပါကြောင်း ၊ တံတားဦးမြို့နယ်အနေဖြင့် မျိုးသန့်မနောသုခ စပါး( ၁၅၀ )ဧက ၊ ဧရာမင်းစပါး(၆၅)ဧက ၊ ဆင်းသုခစပါး (၁၅)ဧက စုစုပေါင်း(၂၃၀)ဧက စိုက်ပျိုးထုတ်လုပ်မည် ဖြစ်ကြောင်း ၊ တံတားဦးမြို့နယ်တွင် မိုးစပါး (၁၃၂၂၀)ဧက၊ မိုးပဲမျိုးစုံ (၁၄၈၀၀)ဧက၊ မိုးဆီထွက်သီးနှံ(၄၂၀၆၆)ဧက ၊ စားဖိုဆောင်သီးနှံ(၆၃၉(ဧက ၊ ဟင်းသီးဟင်းရွက် (၈၃၇)ဧက ၊ မိုးအခြားသီးနှံ(၄၅၀၅၉)ဧက ၊ ဝါမျိုးစုံ(၁၈၅၂)ဧက ၊ ကြံ(၇၆)ဧက ၊ စုစုပေါင်း(၁၁၈၅၄၉)ဧက စိုက်ပျိုးရန် လျာထားပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည် ။

ရဲတင့်(တံတားဦး)