မိုင်းပန်မြို့နယ်တွင် အခြေခံအပ်ချုပ်စက်သင်တန်းနှင့် ပန်းကြယ်သီးထိုးသင်တန်းဖွင့်လှစ်

မိုင်းပန်    ဇွန်   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာရှိ နမ့်တိန်းခန်းမ အတွင်း၌ မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေး ဝမ်းကြောင်း အထောက်အကူပြုသင်တန်းဖြစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်းနှင့် ပန်းကြယ်သီးထိုးသင်တန်းအား ဇွန်လ (၁၅) ရက်နေ့မှ ဇူလိုင်လ (၁၅) ရက်နေ့အထိ တစ်လတာ သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၏ ရန်ပုံငွေ ကျပ် (၃) သန်းဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်နေလူငယ်များအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်း အထောက်အကူပြုစေရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဇွန်လ (၁၅) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပခဲ့ပြီး အခမ်းအနား တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရ သည်။  သင်တန်းအား နမ့်တိန်းကျေးရွာရှိ နမ့်တိန်းခန်းမတွင် ဖွင့်လှစ်ထားသောကြောင့် အနီး အနားရှိ ရွာများမှ သင်တန်းသူ/သူ(၃၀)ဦး လာရောက်သင်ကြားလျက်ရှိပြီး သင်တန်းဆရာမ (၂) ဦးမှ သင်ခန်းစာများအား စာတွေ့သာမက  လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ မိုင်းပန် (ပြန်/ဆက်)