ဒဂုံဆိပ်ကမ်း ဇွန် ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ၈၈၊ ၈၉၊ ၉၈ ၊၁၆၈ ရပ်ကွက်များအတွင်း ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်ပြီး ရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အမှိုက် များ ဆယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်း ကြည့်ရှု့မှုကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သည် မြစ်ကမ်းနှင့်နီးပြီး မြေနိမ့်ပိုင်းများဖြစ်သည့်အတွက် ယခုလို မိုးဦး အချိန်မှ စတင်၍ ရပ်ကွက်အတွင်းရေမြောင်းများရေစီးဆင်းမှုအားနည်းပြီး ရပ်ကွက်အတွင်းရေလျှံမှုများ မကြာခဏ ဖြစ်ပေါ် တတ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးခင်ဦးမှ ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးနေ၀င်းအောင်၊ အဖွဲ့၀င်(၂) ဦးလှကြည်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးအောင်သူနှင့် အဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှု့ခဲ့ပြီး ရေမြောင်းများအတွင်း ရေစီးရေလာ ကောင်းမွန်ရေး အတွက် လိုအပ်လျက်ရှိသည့် နေရာများ သတ်မှတ်ကာ ရေမြောင်းများ ဆယ်ယူခြင်း၊ အမှိုက်များ ဆယ်ယူခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်ရေးမှာကြားခဲ့ကြောင်းသိရပါသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရှိရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး၊ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး အတွက် သစ်ကိုင်များ ရှင်းလင်းခြင်းနှင့် မြို့နယ်သာယာလှပရေး အတွက် လမ်းဘေး မြက်များ ရှင်းလင်းခြင်း၊ ပန်းအလှ စိုက်ပျိုးခြင်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြကြောင်း သတင်းရရှိပါသည်။