သာစည်-မလှိုင်-မြင်းခြံ စာပို့ရထားပြန်လည်ပြေးဆွဲ

မလှိုင် ဇွန် ၁၆

မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ဘူတာ၏ သာစည်-မလှိုင်-မြင်းခြံ လမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ်(၁၁၂ )အစုန် ၊ (၁၁၁)အဆန် စာပို့ရထားသည် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း မလှိုင်ဘူတာ ဒုတိယရုံပိုင် ဦးလှမင်းအောင်ထံမှ သိရသည်။

အဆိုပါ သာစည်-မြင်းခြံ လမ်းပိုင်းပြေးဆွဲလျက်ရှိသော စာပို့ရထားကို ယခင်က ယာယီရပ်နားထားခဲ့ရာမှ ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန် ပြန်လည် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ယင်းသို့ပြေးဆွဲရာတွင် အမှတ်(၁၁၁)အဆန် စာပို့ရထားသည် သာစည်ဘူတာမှ နံနက် ၆ နာရီ စတင် ထွက်ခွာ၍  မလှိုင်ဘူတာသို့ နံနက် ၈ နာရီ ၄၂ မိနစ်အချိန်တွင် ရောက်ရှိ မည်ဖြစ်ပြီး  မြင်းခြံဘူတာသို့ နံနက် ၁၁ နာရီ ခွဲ အချိန်တွင် ဆိုက်ရောက် မည်ဖြစ်သည်။

အမှတ်(၁၁၂)အစုန် စာပို့ရထားသည် မြင်းခြံဘူတာမှ နေ့လည် ၁ နာရီ ခွဲ အချိန်မှ ပြန်လည်ထွက်ခွာ၍ မလှိုင်ဘူတာသို့ ညနေ ၃ နာရီ ၄၃ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ပြီး သာစည်ဘူတာသို့ ညနေ ၆ နာရီခွဲ အချိန်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

သာစည်-မြင်းခြံ လမ်းပိုင်း ပြေးဆွဲနေသော အမှတ်(၁၁၂)အစုန်၊ (၁၁၁)အဆန် စာပို့ရထားသည်၊ မလှိုင်မြို့နယ် အတွင်းရှိ ရေချို၊ မလှိုင်၊ ရေစင်၊ ပန်းအိုင် ဘူတာများကို ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)