မိုင်းဖြတ် ဇွန် ၁၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ကျေးလက်ဒေဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေပေးဝေရေးလုပ်ငန်းနှင့် လမ်းတံတားလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။ အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးမျိုးမင်းသန့်၊ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးစိုင်းအောင်မျိုးထက်၊ တာချီလိတ်ခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးစိုင်းစိုးစိုးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်မေလွင်၊ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်သီသီအောင်နှင့် တာဝန်ရှိသူများက ဇွန်လ ၁၃ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးမှု အမြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြိုနယ် အတွင်းရှိ ကျေးရွာများဖြစ်သည့် ဟောင်ဟင်နှင့် ဟွေဟုန်းကျေးရွာတွင် ဂါလန်(၅၀၀၀)ဆံ အုတ်ရေကန် ကိုလည်းကောင်း၊ ဆိုင်လေ၊ ဟိုနားအာခါ၊ ဆိုက်ခေါင်၊ ပါယောင်း-၂၊ ထောကြူကျေးရွာများတွင် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများ ကိုလည်းကောင်း၊ ဆိုက်ခေါင်ကျေးရွာနှင့် ကျယီကျေးရွာသို့ ဆက်သွယ်သွားလာ နိုင်မည့် ၂/၀မိုင်ရှိ ကုန်ထုတ်လမ်းနှင့်(Box-Culvert) ၄ စင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ရာ ယခုအခါမှာ အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် သောက်သုံးရေရရှိရေးလုပ်ငန်းတွင် ကျေးရွာ (၇)ရွာမှ ၂၇၆အိမ်နှင့် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းအတွက် ကျေးရွာ(၂)ရွာမှ အကျိုးပြုအိမ်ခြေ ၈၇အိမ်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)