အမ်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

အမ်း  ဇွန် ၁၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှစီစဉ်ဆောင်ရွက်မှုဖြင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပါအချက်အလက်များနှင့် ကလေး သူငယ်များသိရှိရမည့်အခွင့်အရေးဆိုင်ရာများကို ကျောင်းသားကျောင်းသူများ သိရှိစေရန်ဆွေးနွေး ဟောပြောပေးခဲ့သည်။

ဟောပြောပွဲသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဆရာ ဆရာမများတက်ရောက်ကြပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများအား အာဟာရမုန့်များ ပေးဝေခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း