တန့်ယန်း ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ၌ အခြေပြုမူလတန်း၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို ဖြေဆိုအောင်မြင်တော်မူခဲ့ကြ သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာမေးပွဲအောင်လက်မှတ်နှင့် ဂုဏ်ပြုအလှူတော်ငွေ များ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန်လ ၁၅ ရက် နေ့လည် ၁၂ နာရီတွင် မဟာမြတ်မုနိ ဘုရာကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ)နှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောလိယ တို့ထံမှ သြဝါဒကထာများ နာယူကြသည်။
ယင်းနောက် စစ်ဗျူဟာအဖွဲ့(အခြေချ)(တန့်ယန်း)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးခွန်အောင်သွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူ အသီးသီးတို့က ဆရာတော်ကြီးများအား လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းပြီး ၂၀၂၀ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ တန့်ယန်းစာဖြေဌာနတွင် ဖြေဆို၍ အောင်မြင်တော်မူခဲ့ကြသော အခြေပြု မူလတန်း(၄)ပါး၊ ပထမငယ်တန်း (၁၄)ပါး၊ ပထမလတ်တန်း(၃)ပါး၊ ပထမကြီးတန်း(၄)ပါး၊ စုစုပေါင်း(၂၅)ပါးအား အောင်လက်မှတ်နှင့် ဂုဏ်ပြုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)