နေပြည်တော် ဇွန် ၁၅
နေပြည်တော်ကောင်စီ Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ကြိုတင် စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာကိုလည်း တွေ့နေရပါကြောင်း၊ နေပြည်တော်အတွင်း ပြင်ပမှ ဝင်ရောက်လာသူများကို ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် Quarantine Centre များကိုလည်း အဆင်သင့်အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များရှိပါက နေပြည်တော်ကောင်စီသို့ တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ပြည်သူ့ကျန်းမာကုသရေးဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်နှင့် နေပြည်တော်ခုတင် (၁၀၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံ တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်၊ ပြန်/ဆက်)