တိုက်ကြီး ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၆၃)ကြိမ်မြောက် စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများက ပထမပြန်စာမေးပွဲ ဩဝါဒါစရိယ လူသန့်အင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တပညာဝံသထံမှ ဩဝါဒကထာနာကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ စာအောင်သံဃာတော်များနှင့် စာအောင်လူပုဂ္ဂိုလ်များအား တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများ ချီးမြှင့် ဆက်ကပ်ကြသည်။ ထို့နောက် အခမ်းအနားကို ဒေါက်တာဘဒ္ဒန္တပညာဝံသ ဆရာတော်ထံမှ အနု မောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချအမျှဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် အမှူးရှိသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ စာအောင်ဆုရရှိသော သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ၊ တိုက်ကြီးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးတင့်အောင်နှင့် အရာရှိများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
(၆၃)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဓမ္မာစရိယကျမ်းကြီးအောင်(၇) ပါး၊ ဓမ္မာ စရိယ (၂)ကျမ်းစွဲအောင်(၄)ပါး၊ ဓမ္မာစရိယ(၁)ကျမ်းစွဲအောင်(၈)ပါး၊ ပထမလတ်တန်းအောင် (၃)ပါး၊ အငယ်တန်းအောင်(၅)ပါး၊ အခြေပြုမူလတန်းအောင်(၂၀)ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဒိမဂ်အောင်(၂၆)ဦး စုစုပေါင်း (၇၃)ဦးတို့အား အောင်လက်မှတ်နှင့် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်နှင်းသက်