(၄၇)ကြိမ်မြောက်အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုကို သီပေါမြို့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးတွင် ဆက်လက်ဆောင်ရွက်

သီပေါ   ဇွန်   ၁၅

(၄၇)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ဇွန်လ (၁၀)ရက် နေ့မှ (၁၆)ရက်နေ့အထိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသမှုကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိ ဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ပြင်ဦးလွင်မြို့၊ မန္တလေး မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများက ဇွန်လ(၁၀) ရက်နေ့မှ(၁၃)ရက်နေ့အထိ စမ်းသပ်မှုကို လည်းကောင်း၊ ဇွန်လ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ခွဲစိတ်မှုကိုလည်းကောင်း ဆောင်ရွက်ပေးလျက် ရှိပြီး ဇွန်လ (၁၄)ရက်နေ့အထိ စမ်းသပ်လူနာ (၈၀၀)ဦး၊ ခွဲစိတ်လူနာ(၁၄၇)ဦးတို့အားအခမဲ့စမ်းသပ် ကုသခွဲစိတ် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် စာရင်းပေးသွင်းပြီး ခွဲစိတ်ရန်ကျန်ရှိနေသေးသည့် မျက်စိဝေဒနာရှင်များအား ဆက်လက်ခွဲစိတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နှင့် အနီးတစ်ဝိုက် မြို့များဖြစ်သော လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်(မြောက်)၊ မိုင်းငေါ့၊ မိုင်းလုံ စသည့်မြို့များမှ မျက်စိဝေဒနာရှင်များ၊ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ မျက်စိဝေဒနာ ရှင်များ လာရောက်စမ်းသပ်ကုသလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါပြန်/ဆက်)