မိတ္ထီလာခရိုင်အတွင်း ကျေးလက်ကုန်ထုတ်လမ်း ၈ လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ၃ လမ်းပြီးစီး

မိတ္ထီလာ ဇွန် ၁၅
 
မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များတွင် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်ကုန်ထုတ်လမ်း ၈ လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ၃ လမ်းပြီးစီး၍ ကျန်ရှိနေသော လမ်းများ အား အမြန်ဆုံးပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းထံကသိရသည်။
မိတ္ထီလာခရိုင်အတွင်းမှာ မိတ္ထီလာမြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်လမ်း၁ လမ်း ၁ မိုင် ၁ဖာလုံမိုင်တိုင်လမ်း က ၁ဝဝ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ပါတယ်။
မလှိုင်မြို့နယ်အတွင်းမှာ ကျေးလက်ကုန်ထုတ်လမ်း ၁လမ်း ၂ မိုင် သက္ကယ်ကျင်း-တောင်ရိုးလမ်းက၇၅ ရာခိုင်နှုန်းပြီးပါပြီ။ ဝမ်းတွင်းမြို့နယ်အတွင်းမှာ ကျေးလက်ကုန်ထုတ်လမ်း ၂ လမ်းဖြစ်ပြီး ညောင်ပင်ကုန်းလမ်း ၃ မိုင် ၇ဝ ရာခိုင်နှုန်းပြီးစီးပြီး သက္ကယ်ကျင်းလမ်း ၄ ဖာလုံကတော့ ၁ဝဝ ရာခိုနှုန်းပြီးစီးပါပြီ။ သာစည်မြို့နယ်အတွင်းမှာ ကျေးလက်ကုန်ထုတ်လမ်း ၄ လမ်းဖောက်လုပ်ဆောင်ရွက်တာဖြစ်ပြီး အုံကုန်းလမ်း ၅ ဖာလုံ ၁ဝဝ ရာခိုင်နှုန်း၊ မဲတောလမ်း ၁ မိုင် ၉ဝ ရာခိုင်နှုန်း၊ ဥသျှစ်ကုန်း (မြောက်)လမ်း ၂ မိုင် ၃ဝ ရာခိုင်နှုန်း နှင့် အင်းကနက်လမ်း ၂ ဖာလုံ ၉ဝ ရာခိုင်နှုန်းအသီးသီး ဆောင်ရွက်ပြီးစီး ပြီဖြစ်ပါတယ်။ မြို့နယ် ၄ ခုမှာ ကျေးလက်ကုန်ထုတ်လမ်း စုစုပေါင်း ၈ လမ်းဆောင်ရွက်တာဖြစ်ပြီး ၃ လမ်းကတော့ ၁ဝဝရာခိုင်နှုန်းပြီးစီးသွားပြီးဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့ ဆောင်ရွက်ဆဲ ၅ လမ်းကို အမြန်ဆုံးပြီးစီးအောင် ဆက်လက်ဆောင်ရွက်နေပါတယ် ဟု ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်းကပြောသည်။
 
မိတ္ထီလာခရိုင်အတွင်းရှိ အဆိုပါကျေးလက်ကုန်ထုတ်လမ်း ၈ လမ်းအား ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေကျပ် ၅၅၈.၈၂၅ သန်းဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်စုစုပေါင်း ၁ဝမိုင် နှင့် ၄.၅ ဖာလုံဖြစ်ကြောင်းသိရသည်။
ချမ်းသာ