ငါန်းဇွန် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မဂျီကျေးရွာ၌ ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်နေမှုအား မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ ကော်မတီဝင် ဦးခင်မောင်ခ(မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ)၊ မြို့နယ်လမ်းဦးစီးဌာန ဦးအောင်စိုးလင်း(SAE)၊ နှင့် ဦးညီညီဝင်း (မြို့နယ်လျှပ်စစ် မန်နေဂျာ)တို့သည် မဂျီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အတူ သန်းကြွယ်ပြည့် ကုမ္ပဏီလီမိတက်မှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၀)ဖြင့် တာဝန်ယူ တည်ဆောက်လျက်ရှိသော မဂျီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး (အလျား ၃၆ပေ၊ အနံ ၃၀ပေ) Steel Structure (၁)ထပ် အဆောက်အဦ တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ သန်းကြွယ်ပြည့် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီမှ လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)