ထန်းတပင်၌ နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်မှုများနှင့်အတူ နှာခေါင်းစည်းတပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign ဆောင်ရွက်

ထန်းတပင် ဇွန် ၁၅

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးနှင့် ကူးစက်ရောဂါအား ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာရေး လှုပ်ရှားဆောင်ရွက်မှု Mask Campaign အဖြစ် နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် မြို့နယ်တာဝန်ရှိသူများကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

နှာခေါင်းစည်းများ(အခမဲ့)ဖြန့်ဝေပေးခြင်းနှင့်အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါ ကိုကြိုတင်၍ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ထန်းတပင်မြို့မစျေးရှိ စျေးရောင်း၊ စျေးဝယ်များ၊ စျေးရှေ့နှင့်လမ်းဆုံကားဂိတ်တို့တွင် ဖြတ်သန်းသွား လာနေကြသူများအား နှာခေါင်းစည်းတပ်ဆင်သွားလာနိုင်ရေးတို့အတွက် အသိပညာပေးအနေဖြင့် Mask Campaignကိုဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေ နီတပ်ဖွဲ့ဝင်များက ထန်းတပင်မြို့မစျေးရှိစျေးသည်များ၊ မြို့မစျေးသို့လာရောက်ကာစျေးဝယ်ကြသူများ၊ စျေးရှေ့နှင့် ကားဂိတ်လမ်းဆုံတို့တွင်ဖြတ်သန်းသွားလာနေကြသူများအား တစ်ခါသုံး နှာခေါင်းစည်း Maskများ (အခမဲ့)ဖြန့်ဝေဆောင်ရွက်ခဲ့ကြသလို နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေးတို့ကိုလည်း အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)