ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေသတွင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

တောင်ကြီး    ဇွန်  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို ယမန်နေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊မိုင်းရယ်၊ကွမ်းလုံ၊ကွတ်ခိုင်၊သီပေါ၊ကျောက်မဲမြို့နယ်တို့မှရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဒေသခံ ပြည်သူများ စုစုပေါင်း (၂၆၉၈)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများမှ ပန်းခင်းစီမံချက်လုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလ (၃)ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူများ၊ စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်မှုကြောင့် မိမိတို့ ရှမ်းမြောက်ဒေသပထမခရီးစဉ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၂၁)ဦး ပေးအပ်နိုင်ခဲ့ကြောင်း ၊ မေလ(၂၄)ရက်နေ့ ဒုတိယခရီးစဉ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း(၁၄၂၇)ဦး၊ ယခုတတိယခရီးစဉ်၌ နိုင်ငံသားကတ်ပေါင်း(၂၆၉၈) ပေးအပ်သွားမှာဖြစ်ပြီး လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ပေးကြသည့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)နှင့်တကွ တိုင်းရင်းသားပြည်သူ များ၊ သက်ဆိုင်ရာဌာနအသီးသီးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ဒီထက်မက ပိုမိုအောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။

ထို့နောက်လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊သိန္နီ၊တန့်ယန်း၊မိုင်းရယ်၊ကွမ်းလုံ၊ ကွတ်ခိုင်၊သီပေါ၊ ကျောက်မဲ မြို့နယ်တို့မှ ရပ်ကွက်၊ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ စုစုပေါင်း(၂၆၉၈)ဦးတို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူအသီးသီးတို့က ပေးအပ်ရာ ဒေသခံပြည်သူများမှ လက်ခံရယူပြီး တက်ရောက်လာသည့် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။

အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် လားရှိုးမြို့နယ်(၉၆၇)ကတ်၊ သိန္နီမြို့နယ်(၁၂၃)ကတ်၊တန့် ယန်းမြို့နယ် (၆၇၂)ကတ်၊ မိုင်းရယ်မြို့နယ်(၁၀၆)ကတ်၊ ကွမ်းလုံမြို့နယ်(၁၅၀)ကတ်၊ ကွတ်ခိုင် မြို့နယ် (၃၄၃)ကတ်၊ ကျောက်မဲမြို့နယ် (၃၃၇)ကတ်  စုစုပေါင်း(၂၆၉၈)ကတ်နှင့်၂၀၂၁ခုနှစ် မေလ(၉)ရက် တွင်နိုင်ငံသားစိစစ်ရေး ကတ်(၁၄၂၁)ကတ်၊ မေလ(၂၄)ရက်နေ့တွင်(၁၄၂၇)ကတ်၊ဇွန်လ(၁၄)ရက် နေ့တွင် (၂၆၉၈)ကတ်စုစုပေါင်း (၅၅၄၆)ကတ်ပေးအပ်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)