သုံးခွ ဇွန် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မင်းရွာနယ်ကျေးရွာနေ တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးထုတ်ချေးပေးရာတွင် ၂၀၂၀ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ အကျေပေးဆပ်ပြီးသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ပြီး တစ်ဧက ကျပ်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူများအား ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။ ယနေ့တွင် ထုတ်ချေးပေးသည့် မင်းရွာကျေးရွာ တောင်သူ(၄၄) ဦးအား ( ၃၁၂)ဧကအတွက် ကျပ်(၄၆၈)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ သုံးခွမြို့နယ်တွင် မိုးစပါးစိုက်ပျိုး ထုတ်လုပ်ရန် ကျေးရွာအုပ်စု (၆၅)အုပ်စုရှိသည့်အနက်မှ ကျေးရွာအုပ်စု(၁၃)အုပ်စုရှိ တောင်သူ(၂၃၈)ဦးအား တစ်ဧက ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ဧက(၁၇၆၉)ဧကအတွက်ကျပ် (၂၆၅၃.၅၀)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် အတိုးနှုန်းမှာ ငွေကျပ်၁၀၀လျှင် တစ်နှစ်ငါးရာခိုင်နှုန်းတိုးဖြစ်ကြောင်းမြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်မန် နေဂျာ ဦးသိန်းဇော်၀င်းထံမှသိရသည်။
ချေးငွေများ ထုတ်ချေးရာတွင်လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။