ကျောက်တံခါး ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ် ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်(၅) ရပ်ကွက်ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား မျက်စိအားဆေး၊ သန်ချဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုယ်ဝန်ဆောင်အား ဆေးတိုက်ကျွေးခြင်းများအား ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၌ ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများကို ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။