ဒလမြို့နယ်၌ အနှေးယာဉ်(ဆိုက်ကား) လိုင်စင်များ သက်တမ်းတိုးခြင်း ဆောင်ရွက်‌ပေး၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ပွင့်လင်းစေရေး မျှော်လင့်

ရန်ကုန် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် အနှေးယာဉ်(ဆိုက်ကား)လိုင်စင်များ သက်တမ်းတိုးပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ဒလမြို့နယ်မှာ အနှေးယာဉ် လိုင်စင် သက်တမ်းတိုးပေးခြင်း လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် သက်တမ်းတိုးခြင်းလုပ်ငန်းကို   ၂၀၂၀ အောက်တိုဘာလမှာ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်၊ ဒီကြားထဲမှာ ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အခြေအနေများအရ  ယခုလ ၆ လပိုင်းမှာ ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်ပါတယ်၊ အနှေးယာဉ် လိုင်စင်ဝင်ရောက်ခြင်းလုပ်ငန်းနဲ့ပတ်သက်လို့ မြန်မြန်ဆန်ဆန် ပြီးစီးစေရေးနဲ့  အခက်အခဲ မရှိစေဖို့ အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင် က ပြောကြားခဲ့သည်။

ဒလမြို့နယ်၌  အနှေးယာဉ်ဆိုက်ကား အစီးရေပေါင်း ၉၀၈ စီးကြောင်း၊ လက်ရှိအချိန်တွင် သက်တမ်းတိုး လိုင်စင်ကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရသော အနှေးယာဉ်များဖြစ်ပြီး၊ အနှေးယာဉ် (ဆိုက်ကား) များ မှတ်ပုံတင် လိုင်စင် သက်တမ်းတိုးပေးခြင်းကို ဇွန်လ ၁၅ ရက်နေ့မှ စတင်ပြီး ဇွန်လ ၁၉ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။  

ကိုဗစ်ကာလမှစ၍  အနှေးယာဉ်လုပ်သားများ အခက်အခဲကြုံတွေ့

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပါဝင်သော ဒလမြို့နယ်၌ ဆိုင်ကယ်များ၊ သုံးဘီး ဆိုင်ကယ်များ များပြားလာခြင်းကြောင့် အနှေးယာဉ်(ဆိုက်ကား) လုပ်သားများ၏ နေ့စဉ်ရှာဖွေစားသောက်ရသည့် အခြေ အနေသည် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားခဲ့သည့် အချိန်ကစ၍ ယနေ့အချိန်ထိ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း ကြားသိရသည်။

ခရီးသွားလုပ်ငန်းများ ပြန်လည်ပွင့်လင်းလာဖို့ မျှော်လင့်

“ကျွန်တော်တို့ အနှေးယာဉ်လုပ်သားတွေက ခရီးသွားလုပ်ငန်းတွေကို အားကိုးပြီး မျှော်လင့်နေကြတာ၊ ဘာကြောင့်လည်းဆိုတော့  မြို့တွင်းမှာ အနှေးယာဉ်စီးနင်းကြတဲ့ ခရီးသည်က နည်းသွားတာလည်းပါတယ်၊ နိုင်ငံခြားသား ခရီးသွားတွေဆို အချိန်နာရီနဲ့ ပို့ဆောင်ပေးရတာဖြစ်တဲ့အတွက် အချိန်နည်းနည်းနဲ့ ဝင်ငွေပိုရတယ်၊ ခုချိန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာဖို့  အချိန်တော်တော်လေး စောင့်နေရအုန်းမှာ၊ ခုဆို သုံးဘီး ဆိုင်ကယ်တွေ၊ ဆိုင်ကယ်(ကယ်ရီ)တွေ များလာတဲ့အခါ အနှေးယာဉ်က သိပ်အဆင်မပြေတော့ဘူး၊ ဝင်ငွေပုံမှန်မရရှိတော့ စားဝတ်နေရေး အခက်အခဲကြုံတွေ့ရတာဖြစ်ပါတယ်၊ ခရီးသွား ဧည့်လမ်းညွှန် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကျွန်တော်တို့  အနှေးယာဉ်လုပ်သားတွေကို သင်တန်းဖွင့်လှစ်ပြီး သင်ကြားပေးခဲ့တာရှိပါတယ်၊  လက်ရှိအချိန်မှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပွင့်လင်းလာဖို့ကို မျှော်လင့်နေရတာပေါ့ ” ဟု အနှေးယာဉ်လုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

နိုင်လင်းကျော်