မြစ်ကြီးနား ဇွန် ၁၅
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ် လက်ရွေးစင် ဘောလုံး အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမနနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မလိခခန်းမ၌ ပေးအပ်ခဲ့သည်။
အောင်နိုင်ရေး အလံပေးအပ်ပွဲတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူက ပြည်နယ်လက်ရွေးစင် U-21 ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အစီအမံများနှင့် ပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လက်ရွေးစင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဌေးကိုက U-21 ဘောလုံးအသင်းအောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် လက်ရွေးစင် အားကစားသမားများအား ယခုပြိုင်ပွဲသည် ကချင်ပြည်နယ် အတွက် အားကစားလူချွန်လူကောင်းများ ဖြစ်ကြောင်းကို ပြသနိုင်သည့် အခွင့်အလမ်း တစ်ရပ်ဖြစ်သကဲ့သို့ ရရှိသည့်အခွင့် အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်နယ်၏ ဂုဏ်ကို မြင့်တင်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ထို့အပြင် ယခုပြိုင်ပွဲသည် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အုပ်ချုပ်မှုကာလတွင် ပထမဦးဆုံး ပြည်နယ် ကိုယ်စားပြုစေလွှတ်သည့် ပြိုင်ပွဲဖြစ်သည့်အတွက် ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျော့သော ဇွဲလုံ့လဖြင့် ရင်ဆိုင်ယှဉ်ပြိုင်ကြပြီး အောင်မြင်မှုရရှိအောင် စွမ်းဆောင်ခဲ့ကြ စေလိုကြောင်းနှင့် မိမိတို့အနေဖြင့်လည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ပြည်နယ်အတွင်းရှိ အလှူရှင်များမှ အားကစား ဝတ်စုံများ အပါအဝင် ငွေကျပ် သိန်း(၃၀)ကျော်ကို အသီးသီးထောက်ပံ့ ပေးအပ်ကြရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက လက်ရွေးစင် အသင်းကိုယ်စား လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လက်ရွေးစင် ဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံကို ပေးအပ်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)