မိုင်းတုံ ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ အစားထိုးသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းဝင်းက တောင်သူများ သီးနှံအထွက်နှုန်း မြင့်မားစေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရန်နှင့် “မျိုးစေ့မမှန် ပင်မသန်၊ ဖူးတံငုံကင်း အသီးဖျင်း၏” ဆိုသည့်အတိုင်း မျိုးမှန်မှ ပျိုးသန်မည်၊ ပျိုးသန်မှ ရေရှည်အဖိုးတန်မည်ဖြစ်၍ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လွယ်ခမ်းလုံကျေးရွာအုပ်စု၊ မိုင်းပန်ကျေးရွာအုပ်စုနှင့် မိုင်းကန်အုပ်စုရှိတောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုး၊ အတွင်းရေးမှူး ရဲမှူးမျိုးမြင့်ထွန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူး ဆန်းသစ်တင်တို့က မိုးစပါးမျိုး(၂၀၉)တင်း၊ ပြောင်း(၂၅)တင်း၊ နှမ်း(၁၂)တင်းနှင့် ပဲပုတ်(၃၀) တင်းအား ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုအခမ်းအနားတွင် တောင်သူများအား စပါးမျိုးစေ့ကြဲလက်စွဲစက်ဖြင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းအား ရှင်းလင်းပြောကြားပြီး စိုက်နည်းလက်တွေ့ပြသခဲ့ကြောင်း သိရသည်။
မိုင်းတုံ(ပြန်/ဆက်)