နမ့်ခမ်း ဇွန် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၊ ဇေယျသုခကျောင်းတိုက်၌ ဇွန်လ(၇) ရက်နေ့မှ (၁၃)ရက်နေ့အထိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် အစိုးရပါဠိပထမစာပြန်ပွဲ ပိတ်သိမ်းပွဲနှင့် ယမန်နှစ်တွင် နမ့်ခမ်းစာဖြေဌာနမှ အစိုးရပါဠိ ပထမစာပြန်ပွဲ ဖြေဆိုအောင်မြင်သည့် ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ယခုနှစ်တွင် ကျင်းပခဲ့သည့် အစိုးရပါဠိပထမစာပြန်ပွဲတွင် မြို့နယ်တွင်းရှိ စာဖြေဆိုရန် စာရင်း သွင်းထားသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်တို့ စုစုပေါင်း (၇၂) ပါး စာရင်းရှိပြီး (၁၃) ပါး ပျက်ကွက်ခဲ့ရာ (၅၉) ပါး လာရောက် ဖြေဆိုခဲ့သည်။ သာသနာနှစ် ၂၅၆၅ ခု အတွက် နမ့်ခမ်း စာဖြေဌာနတွင် ပထမအကြီးတန်းတွင် (၈) ပါး၊ အလတ်တန်းတွင် (၁၁) ပါး၊ အငယ်တန်းတွင် (၁၇) ပါးနှင့် အခြေခံမူလတန်းတွင် (၂၃) ပါး စုစုပေါင်း (၅၉) ပါးလာရောက် ဖြေဆိုခဲ့သည်။ အဆိုပါ စာပြန်ပွဲကို ဇွန်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြီးစီးခဲ့ပြီး မွန်းလွဲပိုင်းတွင် ယခင်နှစ်နမ့်ခမ်းမြို့စာဖြေဌာနမှ အစိုးရပါဠိပထမစာပြန်ပွဲ ဖြေဆိုအောင်မြင်သည့် ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ ဆက်လက်ကျင်းပ ခဲ့သည်။
အဆိုပါအခမ်းအနားတွင် နမ့်ခမ်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ၊ အဂ္ဂမဟာဘဒ္ဓန္ဒဇောတိကဓဇ ဒေါက်တာဝိနယာစာရ ဇေယျသုခကျောင်းတိုက်ဆရာတော်မှ သြဝါဒစကား ချီးမြင့်ပြီး ယခင်နှစ် တွင် စာဖြေအောင်မြင်ခဲ့သည့် ရဟန်း၊ သာမဏေနှင့် သီလရှင် (၄၂) ပါးတို့အား အောင်လက်မှတ်ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ သာသနာဝင်ကဒ်ပြားများကို ဆက်ကပ်ခဲ့ပြီး အခမ်းအနား တို့ တက်ရောက်လာသည့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်သူများနှင့် အလှူရှင်များက စာပြန်ပွဲကျင်းပသည့်ကာလနှင့် စာပြန်ပွဲအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားတွင် သံဃာ တော်အရှင်သူမြတ်တို့အား ဆွမ်း၊ ကွမ်း၊ ဝေရာဝစ္စ စသည့် ကောင်းမှုကုသိုလ် အစုစုတို့အတွက် ရေစက်ချ လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းနှင့် နမ့်ခမ်းမြို့စာဖြေဌာနမှ အစိုးရပါဠိ ပထမ စာပြန်ပွဲကို ယခုနှစ်သည် အကြိမ်(၃၀)မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း မြို့နယ် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဦးစီးမှူး ဦးရန်မျိုးအောင်မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆိုင်ထွန်း(ပြန်/ဆက် နမ့်ခမ်း)