မိတ္ထီလာ ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁၁) အဆန်နှင့် (၁၁၂)အစုန် စာပို့ရထားမှာ ယနေ့မှ စတင်၍ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထား မိတ္ထီလာဘူတာမှ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ်(၁၁၁)အဆန်နှင့် အမှတ်(၁၁၂)အစုန် စာပို့ရထားမှာ ယာယီရပ်နား ထားလျက်ရှိရာမှ ဒေသခံပြည်သူများ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရန်အတွက် ပြန်လည်ပြေးဆွဲ လျက်ရှိသည်။
ယင်းသို့ ပြေးဆွဲရာတွင် အမှတ်(၁၁၁)အဆန် စာပို့ရထားသည် ရိုးရိုးတွဲ(၃)တွဲ၊ ပါဆယ် ဘရိတ်တွဲ(၁)တို့ဖြင့် သာစည်ဘူတာမှ နံနက် ၆ နာရီမှ စတင်၍ ပြေးဆွဲပြီး နံနက် ၁၁ နာရီအချိန်တွင် မြင်းခြံဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် ၁၁၂ အစုန် စာပို့ရထားမှာ မြင်းခြံဘူတာမှ နေ့လည် ၁ နာရီအချိန်တွင် စတင် ထွက်ခွာပြီး ညနေ ၆ နာရီအချိန်တွင် သာစည်ဘူတာသို့ ဆိုက်ရောက်ရှိမည်ဖြစ်ကြောင်း မိတ္ထီလာ ဘူတာမှ ရုံပိုင်ကြီး ဦးမြင့်ထွန်း ထံမှ သိရသည်။
အဆိုပါသာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထားမှာ သာစည်ဘူတာမှ မြင်းခြံဘူတာအထိ ကွမ်းခြံရိုး၊ မိတ္ထီလာ၊ တောမ၊ အင်ကြင်းစု၊ ရေချို၊ မလှိုင်၊ ရုံးစည်ကြီး၊ တောင်သာ၊ ဖက်တော၊ ဆားခါးဘူတာများနှင့် ကျိတ်ပုလဲ၊ သဘွတ်ကုန်း၊ ရေစင်၊ ပန်းအိုင်၊ အောင်သာ၊ ချုံကြီး၊ ဘုရားလှ စသည့် ရပ်နားစခန်း ဘူတာတို့ကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်