ကွမ်းခြံကုန်း မြို့နယ် အားကစားခန်းမ နှစ်ထပ်ကြမ်းခင်းအသစ်ခင်းခြင်းနှင့် ပွဲကြည့်စင် တည်ဆောက်မှု၊ ခန်းမ အမိုးပြုပြင်ခြင်း လုပ်ငန်းများ(၇၅)ရာခိုင်နှုန်းပြီးစီး

ကွမ်းခြံကုန်း ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီး ဌာနမှ အောင်ဆန်းသူရိယ လှသောင်း အားကစားကွင်းအတွင်းရှိ အားကစားခန်းမတွင်‌ ဆောင်ရွက် လျက်ရှိသော နှစ်ထပ် ကြမ်းခင်းအသစ် ပြန်လည်ခင်းခြင်းနှင့် ပွဲကြည့်စင် တည်ဆောက်မှု၊ ခန်းမအမိုးပြုပြင်ခြင်း လုပ်ငန်း များကို ယခုနှစ်မတ်လ‌မှစ၍ ဆောင်ရွက် လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းများ အားလုံး၏ (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်ခွင့်ပြု ရန်ပုံငွေကျပ်သန်း (၁၅၀)ဖြင့် သမူဟကုမ္မဏီက တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အားကစားခန်းမ၏ ကြမ်းခင်းဧရိယာမှာအလျား(၁၂၀)ပေ၊အနံ (၆၀)ပေရှိပြီး ဘေးနှစ်ဖက် ပွဲကြည့်စင်မှာ တစ်ဖက်လျှင် အလျား(၉၀)ပေ၊ အနံ(၁၂)ပေရှိပြီးလုပ်ငန်းများပြီးစီး၍အား ကစားပွဲများ ပြန်လည် ကျင်းပခွင့် ရရှိပါက လူဦးရေ(၅၀၀) ခန့်ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း၊ ခန်းမအတွင်း ကြက်တောင်၊ ဘောလီဘော၊ ပိုက်ကျော် ခြင်း၊ ဖူဆယ်နှင့် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်မှာ ဖြစ်ပြီး မြို့နယ် ဂုဏ်ဆောင်အားကစားထူးချွန်သူများ ပေါ်ထွက် လာနိုင်မှာဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ခိုင်ခိုင်အေးထံမှ သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)