ကျောက်ဆည်မြို့နယ်တွင် နှမ်းစိုက်တောင်သူများ ထွက်နှုန်းကောင်းပြီး ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိ

ကျောက်ဆည် ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများ အပင်ဖြစ်ထွန်းကာ ထွက်နှုန်းကောင်းပြီး ယခုအအခါ နှမ်းရိတ်သိမ်းချိန်ဖြစ်ကာ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နှမ်းစိုက်ပျိုးရာတွင် မြေကိုညက်အောင်ဦးစွာ ပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ပတ်ကျဲစနစ်ဖြင့် လည်းကောင်း၊ တန်းဆွဲစနစ်ဖြင့် လည်းကောင်း အမျိုးမျိုး စိုက်ပျိုးနိုင်၍ ပတ်ကျဲစနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧက နှမ်းမျိုး(၃)ပြည်ခန့်၊ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးပါက နှမ်းမျိုး(၂)ခန့် အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီး (၁၈)ရက်အကြာတွင် ပေါင်းနှုတ်ခြင်းနှင့် နှမ်းသားခွဲခြင်း လုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ လိုအပ်ပါက ဆေးဖျန်းခြင်းနှင့် မိုးရွာရွာသည့်အခါ ပုလဲမြေဩဇာကျွေးခြင်းများ ဆောင်ရွက်ပေးရကြောင်း နှမ်းတစ်ဧတွင် အပင်အပြုအစု၊ ရာသီဥတုနှင့် မြေအမျိုးအစားအပေါ် မူတည်ပြီး တစ်ဧကတွင် (၁၄)တင်းမှ (၂၀)တင်းအထိ ထွက်ရှိကြောင်း ကုလကျေးရွာမှ တောင်သူ ဦးခင်မောင်အေးက ပြောပြသည်။

နှမ်းများရိတ်ရာတွင် တလင်းနှမ်း (မြေပြင်တွင်အပင်လိုက် လှမ်းသည့်နှမ်း)နှင့် ထောင်နှမ်း (အပင်များ စုစည်းပြီး သုံးပွင့်ဆိုင်ထောင်သည့်နှမ်း) ဟူ၍ နှစ်မျိုးရှိကြောင်း၊ တလင်းနှမ်းသည် မြေပြင်တွင် လှန်းသဖြင့် ထောင်နှမ်းမျိုးနှင့်ယှဉ်ပါက သန့်ရှင်းမှုနည်းသောကြောင့် ရောင်းချရာတွင် အနည်းငယ် ဈေးလျော့ကြောင်း သိရှိရကာ ယခုအခါ နှမ်းတစ်တင်းပေါက်ဈေးမှာ ငွေကျပ်(၄၇၀၀)ဖြင့် ရောင်းရသဖြင့် ကျောက်ဆည် မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)