ဖားကန့် ၊ မတ် ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မတ်လ ၂၄ ရက်နေ့ ညနေ(၃)နာရီကျော်ခန့်က အချိန်အခါမဲ့ မိုးရွာသွန်းစဉ်အတွင်း မိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် နေအိမ်အမိုးများပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဆိုင်းဂျာဘွမ်ကျေးရွာမှ နေအိမ်များအား မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုးရွာသွန်းချိန် မိနစ်လေးဆယ်ခန့်အတွင်း အေးမြသာယာအုပ်စုအတွင်းမှ ဆိုင်းဂျာဘွမ်ကျေးရွာတွင် အရွယ်အစားကြီးသည့် မိုးသီးများကြွေကျခဲ့မှုကြောင့် ဘာသာရေးအဆောက်အဦများ အပါအဝင် အိမ်ခြေ(၁၉၀)ကျော်ခန့် အမိုးများ ပျက်စီးခဲ့ကြရသည်။
အမိုးများပျက်စီးခဲ့သည့် ကျေးရွာရာအိမ်မှူးရုံး၊ မူလွန်ကျောင်းဝန်ထမ်းအိမ်ယာ၊ နှစ်ခြင်းမူကြိုကျောင်း၊ ကတ်သလစ်ဘုရားကျောင်း၊ ဗုဒ္ဓဘာသာမူကြိုကျောင်းများအပါအဝင် အမိုးပေါက်ပြဲခဲ့သည့် လူနေအိမ်များအား မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ပြန်လည် ဆောင်ရွက်ပေးနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
တာလင်းမောင်(ပြန်/ဆက်)