သာစည် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် ကုန်ထုတ်လမ်းများ အရည်အသွေးပြည့်မီရေး တာဝန်ရှိသူများ ယမန်နေ့ ညနေပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများကို Modern Treasure Co;Ltd မှ တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပြီး မဲတောကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း (၁/၀)မိုင် ဆောင်ရွက်နေမှုများနှင့် အဆိုပါ ကုန်ထုတ် လမ်းပေါ်ရှိ ရေကျော်တစ်စင်းနှင့် Slab Culvert ၅ စင်း တည်ဆောက်နေမှု၊ အုတ်ကုန်းကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း (၀/၅.၃)မိုင် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လိုအပ်သည်များကို ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)