ဗိုလ်တထောင်မြို့နယ်တွင် ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၀ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော အစိုးရ ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများကို စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်တွင် ဗိုလ်တထောင်ကျိုက်ဒေး အပ်ဆံတော်ဦးစေတီတော် ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သား ပေါင်းစုံ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလနှင့် သြဝါဒကထာခံယူကာ ရေစက်ချအမျှပေးဝေခြင်း၊ ၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာ ဓမ္မစရိယတန်း အောင် (၇)ပါး၊ ပထမကြီးတန်း အောင်(၁၆)ပါး၊ ပထမလတ်တန်းအောင်(၇)ပါး၊ ပထမငယ်တန်းအောင် (၃)ပါး၊ အခြေပြုမူလတန်းအောင်(၃)ပါး၊ စုစုပေါင်း(၃၆)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သာသနာ့ ဒါယကာ၊ ဒါယိကာမများမှ စာအောင်လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စန္ဒာမိုး