ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် Contact Person များထားရှိရေးကြိုတင်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၁၅

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိလာပါက ထားရှိရေးနှင့် Contact Person များ ထားရှိနိုင်ရေးကြိုတင် ပြင်ဆင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွ့န်ဝင်းဆွေနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆေးရုံတွင် ကိုဗစ်လူနာ ၁၀၀ ဦးထားရှိမည်ဖြစ်ပြီး ၅၀ ဦးအတွက် အောက်ဆီဂျင်နှင့် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းတိုက်နယ်ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၅၀)ဦး ထားရှိနိုင်ရေး စီစဉ်ဆောင် ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လူနာများအတွက် အောက်ဆီဂျင် လုံလောက်စွာရရှိရေး၊ အစားအသောက်၊ နေရာထိုင်ခင်း၊ စေတနာဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေလင်ပန်းတိုက်နယ်ဆေးရုံအတွင်း ရေဝပ်နေရာများကို ရေစီး ရေလာ ကောင်းမွန်စေရေးနှင့် စက်မှုဇုန်အတွင်း တည်ရှိသော အမှိုက်များ စနစ်တကျစွန့်ပစ်ရန် တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့သည် အင်းစိန်မြို့နယ်၊ ရွာမ အရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ အစိုးရစက်မှုလက်မှုနှင့် အတတ်သင်သိပ္ပံကျောင်း (GTI)တွင် ကိုဗစ်- ၁၉ လူနာ ၂၀၀ ဦး ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာ​ကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး