ကျိုင်းတုံ ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ သူများအား ဇွန် ၁၄ ရက်က ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် RDT Testkit ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အတည်ပြုလူနာသည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်က ကျိုင်းတုံမြို့တွင် တည်းခိုနေထိုင် ခဲ့ပြီး တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိစဉ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် တည်းခိုသည့် နေရာမှ ၎င်းနှင့်ထိတွေ့ခဲ့သူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၈ ဦးတို့အား အသွားအလာကန့်သတ် ထားရှိပြီး ဇွန် ၁၄ ရက်က ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် RDT Testkit ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်းသိရှိရပြီး ဇွန် ၁၈ ရက်တွင် ဒုတိယအကြိမ် ထပ်မံ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်းသည်။
ထို့အပြင် အဆိုပါအတည်ပြုလူနာသည် အရောင်းမြှင့်တင်ရေးဝန်ထမ်းတစ်ဦး ဖြစ်သဖြင့် ဇွန် ၉ ရက်က ကျိုင်းတုံမြို့ စတိုးဆိုင်တစ်ဆိုင်တွင် ကုန်ပစ္စည်းများ ပို့ဆောင်ခဲ့သည့်အတွက် အဆိုပါ စတိုးဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်း စုစုပေါင်း အမျိုးသား ၂ ဦး၊ အမျိုးသမီး ၈ ဦးတို့အား အသွားအလာကန့်သတ်ထားရှိပြီး ဇွန်လ ၁၅ ရက်နှင့် ၁၈ ရက်တွင် RDT Testkit ဖြင့် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)