ပင်းတယမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပင်းတယ ဇွန် ၁

၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သံဃာနှင့်သီလရှင်များအား အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံတွင် ယမန်နေ့နံနက် (၇)နာရီက ကျင်းပပြုလုပ်ခဲ့ရာ နာယကဆရာတော်များ၊ စာအောင်သံဃာများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိ/မြို့ဖများ၊ မြို့နယ်ဆွမ်း၊ ကွမ်းဆက်ကပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ကြွရောက်လာကြသူများက  နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကန်ထောင့်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော သံဃာတော်နှင့် သီလရှင်များအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများအား အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် အခြေပြုမူလတန်းအောင်(၁၆)ပါး၊ ပထမငယ်တန်းအောင်(၈)ပါး၊ ပထမလတ်တန်းအောင်(၆)ပါး၊ ပထမကြီးတန်းအောင်(၃)ပါး စုစုပေါင်း သံဃာနှင့်သီလရှင်(၃၃)ပါးအတွက် အောင်လက်မှတ်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။