သန်လျင် ဇွန် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် ၉ နာရီက ပဲခူး၊ သနပ်ပင်၊ ခရမ်း၊ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ် (သန်လျင်) လမ်းအပိုင်း၌ ကျင်းပသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင် လမ်းဦးစီးဌာန ခရိုင်လမ်းဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဦးနှင့် ခရိုင်ဝန်ထမ်းများ၊ သန်လျင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်နှင့် သစ်တောဝန်ထမ်းများ၊ သန်လျင်မြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ဝင်းနှင့် မြို့နယ်ဝန်ထမ်းများက မဟော်ဂနီ ၅၀ ပင်၊ မန်ဂျန်ရှား ၁၅၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သန်လျင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်များဖြစ်သော ကျွန်းပင်၊ ပျဥ်းကတိုးပင်၊ ပိတောက်ပင်၊ မဟော်ဂနီပင်၊ ပျဥ်းမပင်၊ ကံ့ကော်ပင်၊ မန်ဂျန်ရှားပင်၊ ခရေပင်၊ နံ့သာနီ ပင်နှင့် မယ်ဇယ်ပင် အပါအဝင် ပျိုးပင်စုစုပေါင်း ၅၀၀၀၀ အား သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ခရမ်း မြို့နယ်များရှိ (မြို့မ) ပျိုးဥယျဥ်များတွင် ပျိုးထောင်ထားရှိပြီး ယခုနှစ်မိုးရာသီ၌ စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနများ၊ စာသင်ကျောင်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ဆည်များ၊ အင်းများအပါအဝင် မိုးရာသီ သစ်ပင်စိုက်ပျိုးကြမည့် အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင်များ (အခမဲ) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)