မောင်တော ဇွန် ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ် ၊ စက်ပြင် သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန် ကင်းချောင်းကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်း က အမှာစကားပြောကြားရာတွင် သင်တန်းမှ သင်ကြားပို့ချပေးသော ပညာရပ်များကို သင်ယူတတ်မြောက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်လာစေမည် ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ရရှိနိုင်ရန် ရည်ရွယ် ၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း နှင့် သင်တန်းသား တစ်ဦးစီကို ဆိုင်ကယ် ၊ စက်ပြင်ရာတွင် အထောက် အကူပြုပစ္စည်း (၁၁)မျိုးအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြတစ်ဦးမှ လည်း သင်တန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆိုင်ကယ်၊ စက်ပြင် သင်တန်းတွင် သင်တန်းသား ၂၀ ဦး တက်ရောက်သင်ယူလျက်ရှိပြီး နည်းပြ ဆရာနှစ်ဦးက စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ရာ သင်တန်းကာလမှာ ၁၄ ရက် ကြာမြှင့်မည်ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး