ကျောက်မဲမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ကျောက်မဲ   ဇွန်  ၁၄

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ  က ကျောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက် ခဲ့သည်။

 ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးများအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယိုကာကွယ်ဆေး သောက်ဆေးနှင့် ထိုးဆေး၊ ဝက်သက်၊ ဂျိုက်သိုးအစရှိသော ကာကွယ် ဆေးများပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 ကျောက်မဲမြို့နယ်အနေဖြင့် အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုများကို လွန်ခဲ့သည့်  ၃ လအတွင်း ထိုးနှံပေးနိုင်ခြင်းမရှိသောကြောင့် ယခုလတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသူ များပြား လျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)