စဉ့်ကိုင် ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာမ ဒေါက်တာလဲ့လဲ့ဝင်း(ဒဿနိကဗေဒ)၏ "တွေးဖို့ ဘာကြောင့်လိုတာလဲ" စာအုပ်အား ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခြင်းဖြင့် မိတ်ဆွေအပေါင်းအသင်းတိုးပွားခြင်း၊ စာပေဗဟုသုတများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အတွေ့အကြုံများ ဖလှယ်နိုင်ကြောင်းကိုရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စဉ့်ကိုင်မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများ ဥက္ကဋ္ဌ ဦးဝင်းကြည်က စာရေးဆရာမ ဒေါက်တာလဲ့လဲ့ဝင်း(ဒဿနိကဗေဒ)၏ "တွေးဖို့ဘာကြောင့်လိုတာလဲ" စာအုပ်ပါ အခန်းကဏ္ဍများထဲမှ “တန်ဖိုး၊ အမူအကျင့်နှင့် ပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ စာပေချစ်သူများအဖွဲ့ အတွင်းရေးမှူး ဦးအေးကိုက "နှစ်ဆယ့်တစ်ရာစု အဆင့်မြင့်ပညာဆိုင်ရာခေါင်းစဉ်” ဖြင့်လည်းကောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးတင့်ဆွေက "ပြုစုပျိုးထောင်ထား သင့်တဲ့အရာတွေ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ရာ “ကျွန်တော်တို့ရဲ့ လူ့ဘောင်လောကမှာ ဂုဏ်ဆိုတဲ့ ငွေကြေးဥစ္စာ စည်းစိမ်ချမ်းသာ ဒါမှမဟုတ် ရာထူး ဘွဲ့ဒီဂရီကိုကြည့်ပြီး လူတစ်ယောက်ကို ဂုဏ် သိက္ခာရှိတယ်လို့ ဆိုကြတယ်။ အဲ့ဒီလိုပြောတိုင်းလည်း လူဟာ သိက္ခာ၊ သမာဓိ ပြည့်စုံတယ်လို့ တစ်ထစ်ချပြောလို့မရပါဘူး။ အဓိကသော့ချက်ကတော့ အမှန်ကိုမြတ်နိုးရိုးသားမှုကို အခြေခံ တာဝန်သိစိတ် တာဝန်ယူစိတ်ကိုအလေးထားတဲ့ သိက္ခာ၊ သမာဓိကို ပြုစုပျိုးထောင်ခြင်းလို့ပဲ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း အသီးသီး အပြန်အလှန် ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။
ညိုညိုဝင်း(စဉ့်ကိုင်)