ဝိုင်းမော်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းပုံမှန်ဆောင်ရွက်

ဝိုင်းမော်    ဇွန်    ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် အသက်(၂)လမှ (၂)နှစ်အောက်အရွယ်  ကလေးငယ်များအား  ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေး ပေးခြင်းကို ယနေ့နံနက်(၈)နာရီမှ မွန်းလွဲ(၂)နာရီခွဲထိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဆေးပေးခန်း၌ ပြန်လည်ဆောင်ရွက်ပေးလျက်ရှိသည်။

ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တစ်ရက်လျှင် ကလေး(၅၀)ဦးနှုန်းဖြင့် ကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါဘီ၊ (၅)မျိုးစပ်ကာကွယ်ဆေး(ပ၊ဒု၊တ)၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) (ပ၊ဒု၊တ)၊ ပိုလီယို(ပ၊ဒု၊တ)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး (ပ၊ဒု၊)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး(RVV)(ပ၊ဒု)များကို အပတ်စဉ် တနင်္လာနေ့တိုင်း ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုယ်ဝန်စောင့်ရှောက်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။

ဝိုင်းမော်(ပြန်/ဆက်)