သီပေါ ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက သီပေါမြို့၊ မြို့ကျက်သရေဆောင် မဟာသာသနာ့ဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ နာယက ဆရာတော်ကြီးများ၊ စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖ များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့ကြကာ ဧည့်ပရိသတ်များကသြဝါဒကထာနာယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးအောင်စိုးဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားခဲ့သည်။
ယင်းနောက် ၂၀၂၀ပြည့်နှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ပထမကြီးတန်း (၁၂)ပါး၊ ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၁၉)ပါးနှင့်အခြေပြုမူလတန်း(၄၀)ပါး စုစုပေါင်း(၇၄)ပါးအား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအသီးသီးမှ
တာဝန်ရှိသူများ၊စေတနာရှင်အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ)