မိုင်းဆတ် ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သဗ္ဗညု ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူ ပူဇော်နိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပကို ယမန်နေ့ နံနက်(၉)နာရီခွဲက သဗ္ဗညု ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အစည်းအဝေးကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ သဗ္ဗညုကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကက ဩဝါဒစကားမြွက်ကြားပေးတော်မူပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သော်ဇင်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်တို့က အမှာစကား ပြောကြား၍ စိန်ဖူးတော်တင်လှူ ပူဇော်နိုင်ရေးလုပ်ငန်းကော်မတီများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက စိန်ဖူးတော်အား ဇွန်လ(၂၂)ရက်နေ့တင်လှူပူဇော်နိုင်ရေးနှင့် လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဗိုလ်မှူးကြီးသော်ဇင်ဦးမှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက စုပေါင်းလှူဒါန်းခဲ့သည့် ငွေကျပ်(၁၀)သိန်းကျော်ကို လည်းကောင်း၊ ဦးထွန်းလွင်ဦး(ဆောင်းချယ်ရီ)မိသားစုက ငွေကျပ်(၁၁)သိန်းကို လည်းကောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒကထံ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့်တာဝန်ရှိသူတို့က သဗ္ဗညု ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)