ကျောက်ဆည် ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယာဉ်ပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ကင်းဝေး စေရေးအတွက် သော်တာဝင်းကုမ္ပဏီက တာဝန်ယူပြီး ၂၀၁၈ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး ရန်ကုန်-မန္တလေးမြို့ရှောင်လမ်း နှင့် ဇော်ဂျီမြစ်ကူးတံတား တစ်စင်းကို မြို့၏အရှေ့ဘက်တွင် တည်ဆောက် လျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကျောက်ဆည်မြို့ရှောင်လမ်းကို လမ်းတံတားဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် သော်တာဝင်း ကုမ္ပဏီမှတာဝန်ယူပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၄၂၀၀)အကုန်အကျခံကာ အရှည်(၇.၈၂)မိုင်၊ အကျယ်(၇၂)ပေနှင့် Box Culvert (၃၅)ခု ပါဝင်ကြောင်း၊ ဇော်ဂျီမြစ်ကူးတံတားအား ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၈၆၀) အကုန်အကျခံပြီး အရှည်ပေ(၂၁၀)၊ အကျယ်(၈၀)ပေ (၆)လမ်းသွား တံတားတစ်စင်း ဖြစ်ကြောင်း သိရှိရကာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်ရုံများတွင် အသုံးပြုသော ကုန်တင်ကားများ၊တွဲကားများနှင့် ဝန်ထမ်း အကြိုအပို့ယာဉ်များသည် ကျောက်ဆည်မြို့အတွင်းမှ ဖြတ်သန်းမောင်းနှင် သည့်အတွက် မကြာခဏ ယာဉ်ပိတ်ဆို့မှုများနှင့် ယာဉ်အန္တရယ်၊ လမ်းအန္တရာယ်များ ဖြစ်ပွားခဲ့ကြောင်း ယခုအခါ မြို့ရှောင်လမ်းဆောက်လုပ်ပေးသဖြင့် ယာဉ်ပိတ်ဆို့မှုများနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ လျော့နည်းပပျောက်ပြီး ကုန်စည်စီးဆင်းမှုများလည်း လျင်မြန်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)