နမ့်စန်မြို့တွင် အမျိုးသား ၁ ဦးထံ၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

နမ့်စန်(တ) ဇွန် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် တောင်ကြီးမြို့နေ (ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ) လူနာ ၁ ဦးသည် ဇွန်လ ၁၀ ရက်နေ့က နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဧည့်ရိပ်မွန်တွင် ညအိပ်တည်းခိုခဲ့ကြောင်း သိရှိရသဖြင့် မြို့နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် (၈/၁၀၀) တပ်မတော်စစ်ဆေးရုံတို့မှ တာဝန်ရှိသူများက အဆိုပါဧည့်ရိပ်မွန်တွင်နေထိုင်သူ ၇ ဦးအား ယမန်နေ့တွင် RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသား ၁ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန် ၆ ဦးထံတွင် ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်မှတာဝန်ရှိသူများက အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ အမျိုးသားအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခြင်း၊ ဧည့်ရိပ်မွန်အား Lockdown ချခြင်းများ ဆောင်ရွက်ကာ Negative အဖြေထွက်ရှိသူ ၆ ဦးကို အဆိုပါဧည့်ရိပ်မွန်တွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဇွန်လ ၁၆ ရက်နေ့တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဧည့်ရိပ်မွန်၌ ဇွန်လ ၁၀ ရက်မှ ၁၂ ရက်နေ့ အထိ တည်းခိုနေထိုင်သွားသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။