မော်လမြိုင်မြို့၌ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက် အမှုဆောင်သစ် တင်မြှောက်ခြင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မော်လမြိုင် ဇွန် ၁၃

မွန်ပြည်နယ်၊  မော်လမြိုင်မြို့၌  ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်၏ အမှုဆောင်သစ် တင်မြှောက်ခြင်း၊ အမှုဆောင်အဖွဲ့ဟောင်းမှ လုပ်ငန်းတာဝန်များ လွှဲပြောင်း ပေးအပ်ခြင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိဒေါက်တာတင်စိုးက  ဒေါက်တာလှဘေပညာပါရမီ စာကြည့်တိုက်သည် မော်လမြိုင်မြို့၏ အထင်ကရစာကြည့်တိုက် တစ်ခုဖြစ်သည့်အတွက် စာကြည့်တိုက် ရေရှည် တည်တံ့စေရေး၊ အနာဂတ်လူငယ်မျိုးဆက်သစ်အတွက် အသိပညာ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်  စာအုပ်စာစောင် တိုးပွားရေး အမှုဆောင်အဖွဲ့ဝင်များမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေးဖြင့် အဖွင့်အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍ အမှုဆောင်အဖွဲ့သစ်တင်မြှောက်ခြင်းနှင့် အမှုဆောင်အဖွဲ့ဟောင်းမှ လုပ်ငန်း တာဝန်များ  လွှဲပြောင်းလက်ခံခြင်း ဆောင်ရွက်ခဲ့ကြပြီး အလှူရှင်ဒေါ်ယဉ်ယဉ်မြင့် မိသားစုမှ လှူဒါန်းပေးသည့် သုတ/ရသ စာအုပ်(၃၅၀)အုပ်ကို သဘာပတိ ဒေါက်တာတင်စိုးက လက်ခံရယူခဲ့ပြီးနောက်  အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်၏ အမှုဆောင်အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)