ကျောက်တန်း ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျောက်တန်းမြို့ ရွှေမှော်ဝန်း သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာထံမှ ငါးပါးသီလနှင့် မေတ္တာသုတ်ပရိတ်တော်မြတ်အား နာယူကြည်ညို ကြခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူးဦးဘုန်းခန့်အောင်က သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊အလှူရှင်များက ၂၀၂၀ ပြည့်နှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်မြတ်များအား ဂုဏ်ပြုအလှူငွေ၊ လှူဖွယ်ပစ္စည်းများနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်ချ အနုမောဒနာတရား နာယူကြည်ညိုကာ ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
၂၀၂၀-ပြည့်နှစ်ပါဠိ ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော ပထမကြီးတန်း(၂)ပါး၊ ပထမလတ်တန်း(၇) ပါး၊ ပထမငယ်တန်း (၁၁)ပါး၊ အခြေပြုမူလတန်း( ၂၅ )ပါ စုစုပေါင်း(၄၅)ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
ဒေါ်ခင်ဆွေဝင်း (ကျောက်တန်း)