ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး(ရခိုင်)ကျေးရွာတွင် ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပ

မောင်တော ဇွန် ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စေတနာရှင် ပြည်သူများ စုပေါင်း လှူဒါန်းအပ်သော ကိုင်းကြီး(ရခိုင်)ကျေးရွာ၌ “သဒ္ဓမ္မဇေယျရံသီ” စေတီတော်မြတ် ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကို သာသနာ တော်နှစ် ၂၅၆၄  ခုနှစ်၊ ကောဇာသက္ကရာဇ်  ၁၃၈၃  ခုနှစ် ၊ နယုန် လဆန်း ၄ ရက်၊ ခရစ် သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ယနေ့ နံနက် ၉ နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွက်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ် ပြီး  မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်မြေဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်)ကျောင်း ပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တမဏိသာရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကာ ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ် တရားတော်များ နာယူ ကြည်ညိုခြင်း၊“သဒ္ဓမ္မဇေယျရံသီ” စေတီတော်မြတ်တွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ ဌက်မြတ်နားတော်၊ စိန်ဖူးတော် စသည့်တို့ကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်  မြို့နယ်သံဃနာယကအဖွဲ့၊ (အဖွဲ့ဝင်) အောင်မြေဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်)ကျောင်း ပဓာန နာယကဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓ     သာသနံ စိရံတိဌတု (၃)ကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ “သဒ္ဓမ္မဇေယျရံသီ” စေတီတော်အား အသစ်ပြန်လည်တင်လှူမည့်  ရွှေထီးတော်၊ ငှက်မြတ်နားတော် ၊ စိန်ဖူးတော် တို့ကို စေတီတော်၏ အထွဋ်ပေါ်သို့ တာဝန်ရှိသူများက  ကိုင်ဆောင်၍ လက်ယာရစ် ၃ ပတ်လှည့်လည်ပူဇော်ခြင်း၊ အမွှေးနံ့သာများ ဖြန်းပက်ပူဇော်ခြင်း၊ ဆရာတော် အရှင်သူမြတ်မှ နတ်ဗြဟ္မာများအား ပင့်ပိတ်ခြင်း၊ “သဒ္ဓမ္မဇေယျရံသီ”စေတီတော်အား ရွှေထီးတော် ဘုံအဆင့်များကို အစီအစဉ်တကျ တင်လှူပူဇော်ခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်တို့မှ ဗုဒ္ဓဘိသေသ အနေကဇာတင်ပူဇော်ပြီး ဆရာတော် အရှင်သူမြတ်မှ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)