မန္တလေး ဇွန် ၁၃
ပုသိမ်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ် သော Fitness & Dance အကသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အောင်မြေသာစံမြို့နယ်၊ ဘုန်တော်တိုးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းကျောင်းသူလေးများ က အကအလှများဖြင့် သရုပ်ပြ ဖျော်ဖြေကြသည်။
ထို့နောက် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ ကျောင်းအုပ် ဒေါ်နွယ်နွယ်အောင်က သင်တန်းအကနည်းပြဆရာမ မသင်းသီရိဇော်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီး သင်တန်းဆင်းကျောင်းသူလေးများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြသည်။
အခမ်းအနားသို့ မန္တလေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမောင်၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ ကျောင်းအုပ်ဒေါ်နွယ်နွယ်အောင်၊ ပုသိမ်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မာမာစီ ၊ သင်တန်းအကနည်းပြဆရာမ မသင်းသီရိဇော်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆင်းကျောင်းသူများ စုစုပေါင်း၇၀ဦးခန့် တက်ရောက်ကြပြီး အဆိုပါ Fitness & Dance သင်တန်းကို မေလ ၅ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ တစ်လကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)