သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် စာအောင်သံဃာတော်များအားစာအောင်လက်မှတ်နှင့်ဆုများ ချီးမြှင့်

သာစည် ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် စာအောင် သံဃာတော် များအား စာအောင် လက်မှတ်နှင့်ဆုများ ချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၆)ရပ်ကွက်သာယာကုန်းကျောင်း တိုက် ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဖွင်လှစ်သည်။ဆက်လက်ပြီး နိုင်ငံတော်ဩဝါဒါစရိယ သာစည်မြို့ ဓမ္မာလင်္ကာရရေအားလျှပ်စစ်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသိရီပဝရဓမ္မာစရိယဘဒ္ဒန္တကဝိန္ဒာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ လှူဒါန်းမှုများအား ရေစက်ချ အမျှဝေကြသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအကျိုးဆောင် သာယာကုန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုညဓဇက အဖက်ဖက်မှ ကူညီပံ့ပိုးမှုများနှင့်ပတ်သက်၍ ဝမ်းမြောက် ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော ပထမကြီးတန်းအောင်သံဃာ ၂၈ ပါးနှင့် သီလရှင် ၁ ပါး၊ပထမလတ်တန်းအောင်သံဃာ ၁၁ပါးနှင့်သီလရှင် ၁ ပါး၊ပထမငယ်တန်းအောင် သံဃာ ၉ ပါးနှင့်သီလရှင်၂ ပါး၊အခြေပြုမူလတန်းအောင်သံဃာ ၁၃ ပါးတို့ကို တက်ရောက်လာသူများက စာအောင်လက်မှတ်များနှင့်ဆုများ ဆက်ကပ် လှူဒါန်းကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်ဦးစိုးဝင်းအောင်၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ကုသိုလ်ရှင်များတက်ရောက်ကြကြောင်းသိရသည်။