ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် အစိုးရပါဠိပထမပြန်စာဖြေပွဲ စာအောင် သံဃာများအား အောင်လက်မှတ်နှင့်အောင်ဆုဆက်ကပ်

လွိုင်လင်   ဇွန်    ၁၃

(၁၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲ စာအောင်သံဃာများအား အောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ် လှူဒါန်း ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို  ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မင်္ဂလာအနောက် ကျောင်းတိုက်တွင် ယနေ့ နံနက် (၉)နာရီက ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပါသည်။ ယင်းနောက်  နိုင်ငံတော်ဩဝါဒစရိယဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒ ( ဓာတ်တော်ကျောင်းတိုက်၊ လွိုင်လင်မြို့ ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် လွိုင်လင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က သာသနာတော်ဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် တွင်ဖြေဆိုအောင်မြင်ခဲ့ကြသည့်  (၁၆)ကြိမ်မြောက် ပါဠိပထမပြန်စာဖြေပွဲမှ စာအောင် သံဃာတော်များအား အောင်လက်မှတ် အောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း အစီအစဉ်ကို ကျင်းပရာ တိုင်းမှူး ၊ ဒုတိယ တိုင်းမှူး ၊ တပ်မမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ သီးခြားအလှူရှင်များက အစီအစဉ်အတိုင်းအသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။ ယင်းနောက် အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ရတနာစည်ဆရာတော်(လွိုင်လင်)က ဦးဆောင်၍ ရေစက်သွန်းချ အမျှပေးဝေပါသည်၊  ယနေ့ ကျင်းပ ပြုလုပ် သည့် (၁၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပထမကြီးတန်း အောင်(၁၁)ပါး ၊ ပထမလတ် တန်းတွင်(၈)ပါး၊ မထမငယ်တန်းတွင်(၂၆)ပါး နှင့် အခြေပြုမူလတန်းတွင် ( ၃၅)ပါး  ၊ စုစုပေါင်း(၈၀)ပါး အောင်မြင် တော်မူခဲ့ကြောင်း သာသနာ ရေးဦးစီးဌာနမှသိရသည်။

အဆိုပါ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် လှမိုး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့်တပ်နယ်မှ အရာရှိကြီးများ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အလှူရှင်များ တက်ရောက်ကြသည်။

မိုးလွင်ဦး(လွိုင်လင်)