ငါန်းဇွန် ၊ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာ ဘုရားဝင်းအတွင်းရှိ ရတနာဃရ သာသနဗိမာန်၌ ယနေ့နံနက် ၇ နာရီအချိန်က ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို အောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ပူဇော်သည့် (၃၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသံကိစ္စထံ သီလခံယူဆောက်တည်၍ ဩဝါဒခံ ယူကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော် (၁၅)ပါး၊ စာအောင်သံဃာတော်နှင့် သီလရှင်ဆရာလေး ပထမကြီး(၁၃)ပါး၊ ပထမလတ်(၂)ပါး၊ ပထမငယ်(၇)ပါး၊ အခြေပြုမူလတန်း(၂၄)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပူဇော်ကာ အဘိဓမ္မာစာမေးပွဲနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲအောင် လူပုဂ္ဂိုလ်(၄)ဦးတို့အား စာအောင်လက်မှတ်နှင့် ဆုငွေများ ချီးမြှင့်ကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဥတ္တမထံ ရေစက်သွန်းချအမျှဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)